Sunday 31 July 2011

သမာသာမိဿသုခု

ဗြူရိုကရက်အစိုးရတို့က အောက်ကျနောက်ကျရှိကြသည်ဟု ကဲ့ရဲ့ရှုံ့ချပြောဆိုဟစ်ကြူးလျက် စိတ်ဝမ်းမကွဲ ကျောက်ခဲသံတိုင်ကဲ့သို့ ကျင့်မူဆောင်ရွက်လာခဲ့ကြသည့်အတွက် တကမ္ဘာလုံးရှိ ဗိုလ်ခြေအပေါင်းတို့က အံ့သြမကုန်နိုင် ရှိခဲ့ကြရလေပြီး။

မြန်မာအမျိုးသားတို့က ဆောင်ရွက်ကျင့်မူ၍ တစတစထွင်လာကြသည်မှာ ငလျင်တောလဲ မီးတောင်ပေါက်ကွဲသည်သို့၎င်း၊ လေမုန်တိုင်းကြောင့်ဒီလှိုင်းဖြိုးမောက်သည်သို့၎င်း၊ တဆင့်ထက်တဆင့် ကြီးမြင့်တိုး ပွားသောအင်အားနှင့် ပြည့်စုံလာကြလေရာ ကျောက်ဆောင်၏ ပမာဏကြွားကြွားကြံ့ခိုင် မယိမ်းမယိုင် တည်နိုင်သောအခြေသို့ ရောက်ခဲ့ကြလေပြီ။

ဤကဲ့သို့ ကြံ့ခိုင်တည်နိုင်ကြခြင်းမှာ သမဂ္ဂါနံ၊ တပေါသုခေါတည်းဟူသော စည်းလုံးညီညွတ်ခြင်းတည်းဟူသော သမာသာမိဿ၏ သုခပင်တည်း။

၁၉၁၇- ခုနှစ်တွင် ဗြူရိုကရက်အစိုးရတို့က မြန်မာအမျိုးသားတို့ကို အလွန်ညံ့ဖျင်း၍ အကင်းမပါးနိုးကြားထကြွခြင်းမရှိသော အောက်ကျ နောက်ကျရှိလှသည့်သူများဟု ဆိုခဲ့ဖူးပေသည်။ 

မစ္စတာမွန်တေဂူနှင့် အပေါင်းပါကော်မီတီတို့ကို မြန်မာပြည်သို့မလာရဘဲ ၎င်းတို့က စစ်ဆေးစုံစမ်းသောအခါ ထိုသူတို့စိတ်ထဲ၌ မြန်မာအမျိုးသားတို့သည် အလွန်ညံ့ဖျင်းသည်ဟူသောသဘောမျိုးနှင့် အထင်အမြင်သေးလှစွာ စစ်ဆေးစုံစမ်း၍ မြန်မာအမျိုးသားတို့သည် အိန္ဒိယတွင်း၌ သေးသိမ်လှသော ခရိုင်နယ်များက ရထိုက်သောပြုပြင်အုပ်ချုပ်ရေးမျှနှင့်ပင်လျှင် မထိုက်မထန်သောလူမျိုးဟု ဆိုထားဆုံးဖြတ်ခံဖူးလေသည်။

ထိုများစွာသော အစည်းအဝေးတို့ကိုခေါ်၍ ယင်းကဲ့သို့ဆုံးဖြတ်ခြင်းကို မခံနိုင်ကျေနပ်နိုင်ကြကြောင်းဖြင့် တသံတညီတည်း ဟစ်အော်ကြသည့်ပြင် အင်္ဂလန်ပြည်သို့ မြန်မာကိုယ်စားလှယ်တမန်တော်များကို ပင်လျှင် ပါလီမန်၌ လျှောက်ထားပြောဆိုရန် အမျိုးသားတို့က စွန့်စား စေလွှတ်သော်ငြားလည်း အကျိုးမများ အထူးခြားရှိခဲ့ရလေသည်။

သံခြေချင်းတွေအသင့်

အတိဝါဒ၊ ဿဇေမာနဖြင့်ပြီးသော အစိုးရတော်မင်းတို့သည် ရာဇဂုဏ်ဖြင့် မြူမှုန်မြှေးကပ်သောစက္ကူဖြင့် မရှူမထင် ပြည်သူတို့၏ အရည်အချင်းကို မမြင်နိုင်ရှိခြင်းကြောင့် ဝေနေယျဗိုလ်ခြေတို့၏ ဖွေဖွေလှစ်ကြူးသောအသံ အမြော်အမြင်နှင့် ဥာဏ်အကြံကို အမှန်မူရင်းအတိုင်းမသိနိုင်ရှိနေကြသဖြင့် မြန်မာပြည်ကြီး အမျိုးသားတို့၏ အနေအထား စီးပွားချမ်းသာရေးကိုပင် ထိုခိုက်လျက်ရှိလေသည်။

မြန်မာအမျိုးသားတို့ကို နို့စို့သူငယ်ချင်များကဲ့သို့ မထီမဲ့မြင်ပြုဘိ၏။

သို့လင့်ကစား မြန်မာများ၏ လျှောက်ထားပန်ကြားခြင်းများ၊ ပြည်သူ့အစည်းအဝေးများက မကျေမနပ် မသက်မသာရှိကြောင်းများနှင့် ဟစ်အော်ကြသည်များပင်လျှင် အကျိုးမထင် လိုအင်မပြည့် ရှိခဲ့ရလေသည်။ 

ယင်းမည်သောအကြောင်းအချက်များနှင့် အထူးထူးသော အချက်များတို့ကြောင့် မြန်မာအမျိုးသားတို့သည် စည်းလုံးညီညွတ်ခြင်းရှိခဲ့ကြလေသည့်အပြင် စိတ်အားထက်သန်၍ ငါတို့၏အကြံသည် အအောင်ရင်မနေ အကြံအောင်မြောက်မှနားနေရပ်တန့်ကြရမည်ဟု ဒုတိယတဖန် အင်္ဂလန်ပြည်သို့ တမန်တော်ကိုယ်စားလှယ်ကြီးများကို စေလွတ်ကြပြန်လေသည်။

ထိုကိုယ်စားလှယ်ကြီးများတို့သည် အလွန်စရိတ်ကုန် ပင်ပန်းစွာဖြင့် အလွန်ရှည်ကြာအောင် သွားရောက်ကြံဆောင်ဘိရကား လျှောက်ထားခွင့်ရ၍ အထူးမျော်လင့်ဖွယ်ရာရှိသော အရိပ်နမိတ်များကို တွေ့မြင်ခဲ့ကြရသည်။

ထိုသို့ရှိနေစဉ်အခါတွင် ဗြူးရိုကရက်အစိုးရတို့က မြန်မာပြည်ကြီးကို နှောင်ဖွဲ့ရန် သံခြေချင်းနှင့်အလားတူသောနည်းစနစ်များကို လုပ်ကိုင်ထားရှိနှင့်ကြလေသည်။

မြန်မာမြေပေါ်ရှိအစိုးရတို့က မြန်မာတို့က အလေးဂရုမပြု မရှူမမြင်ရှိခဲ့ကြလေသည်။

မြန်မာပြည်ရှိ ဥရောပတိုက်သားတို့က မြန်မာတို့၏ အာသီသစိတ်ထားဖြင့် လိုလားတောင့်တသော အချက်တို့ကို နှောင့်ယှက်ကန့်ကွက်လိုသော စေတနာနှင့် ထိုအစိုးရအား ကူညီးဖေမခြင်းပြုကြလေသည်။ 

မြန်မာအမျိုးသားတို့သည် ဖြစ်ရှိနေသော ခေတ်သမယ၏ နိရတ္တက၊ နိမိတ္တတည်းဟူသော အကျိုးမရှိသော ဆင်းရဲ့ခြင်း၏ အကြောင်းရင်အခြေခံက မီးရှူးမီးလျှံကဲ့သို့ ဧကန်ထင်ရှား မမှားတွေ့မြင်ခဲ့ကြရလေပြီး
ဝိုင်၊ အမ်၊ ဘီ၊ အေအသင်းများတို့သည် ပြည်ထောင်တလျှောက်ထွန်းပေါက်ပွားမြောက် ပေါ်လာကြလေပြီးလျှင် ယခုဖြစ်ရှိသော ဘေးရန်ကိုခုခံတွန်းလှန်ရန် စိတ်တသံတည်း စည်းလုံးပေါင်းသင်း၍ ကြံကြလေသည်။

ကိုယ်ဖို့ ကြုံလျှင် သက်လုံးကောင်းကြစေ

လူမျိုးအနိမ့်အမြင့်ဟူ၍ သဘောမာနတရားကို ပယ်ဖျောက်၍ ပေါ်ပေါက်သော ဘေးရန်ကို တညီတသံတည်း ခုခံတွန်းလှန်ရန် မြန်မာအမျိုးသားတို့က ကစိတ်တသံတည်း ကြံပြီးဖြစ်လျှက်ကို ပြည်ပိုင်အစိုးရမင်းက ပြုလျက်၊ ဟန်ဆောင်ရိုးမှား ပရိယာယ်များသောဥပဒေ အဖွဲ့အစည်းကိုပင် လျှင် စီရင်တီထွင်၍ ထားလေဘိ၏။

အိန္ဒိယအစိုးရကလည်း ထိုသို့ စီရင်တီထွင်သော နည်းစနစ်ထက်တိုးတက်ညှာတာ၍ သက်သာအောင် ပြုလုပ်စီမံခြင်း မရှိတတ်ရကား ပြည်သားအပေါင်းတို့က ဗြူရိုကရေစီအား ကိုးစားယုံကြည်ဖြင်း ယုတ်လျော့လှသဖြင့် စိုးပိုင်သော မင်းတို့သည် မိမိတို့က နှစပေါင်းများစွာက ခံစားစံစားခဲ့ကြရသော ဿရိယ တေဇကို အဘယ်သောအခါမှပင်လျှင် စင်စစ် စွန့်လွတ်ကြတော့မည်မဟုတ်ဟူ၍ သိကြရပြီးသော် မိမိတို့၏ လွတ်လပ်ရေးကို မိမိတို့ ကိုယ်တိုင်သာလျှင် “အပ္ပမာဒေန သမ္ဗာဒေထ”ူသောပါဌ်နှင့်အညီ (ကိုယ်ဖို့ကြုံလျှင် သက်လုံကောင်းစေရမည်။)

စကားအရကြိုးစားအားခဲ ကြမှရကြတော့မည်ဟု အဓိဌာန်ပြုကြလေပြီး။ 

အမျိုးသားတို့၏ ဇာတိမာနစိတ်ဓါတ်သွေးဓာတ်တို့သည် လုံးလုံးနိုးကြား သန်စွမ်းကြလေပြီးဖြစ်သောကြောင့် အချင်းချင်း မျက်ကြုပ်ကိုးတန်၊ မာအနိဌ မယုံကြည်ကြသော သဘော အယူဝါဒတို့သည် ရုတ်ခြည်းခဏပပျောက်အောင် ကြိုးစားသင့်ကြလေပြီး။ 

ပြည်သူတို့၏ စိတ်နေသဘောထားသည် ရှေးကနှင့်မတူ တမူကွဲပြားခဲ့လေပြီ။ 

ရှေးအထက်က ဗြူရိုကရက်တို့အား မှီခိုခြင်း၊ ခယခင်း ထိုအရာရှိတို့၏ ရှေ့မှောက်သို့ ရောက်ရှိကြသောအခါ တုန်လှုပ်ရွံ့ကြောက်ခြင်းသဘော စိတ်ထားတို့သည် ယခုအခါသမယ၌ ပျက်ပြားကင်းကွာ၍ ရဲရင့်တည်ကြည်သော ဇာတိမာနသည် ထင်ရှားပေါ်လွင်ရှိလေပြီ။

တလှေထဲစီးသူများ

အမျိုးသားတို့သည် မြန်မာပြည်၌သော်လည်းကောင်း၊ အိန္ဒိယပြည်၌သော်လည်းကောင်း ဖြစ်ပျက်လျှက်ရှိသော အရေးတော်ပုံတို့ကို ကုန်ကုန်ဖွင့်လှစ် စီစစ် စစ်ဆေးကြသော ဂရုဓမ္မကို လုံ့လဆုပ်နှစ် တစ်တစ်ခွခွပြုကြလေပြီ။

မဟတ္တမဂန္ဒီ၏ မူစနစ်နည်းသစ် အဖြာဖြာတို့ကို မြန်မာပြည်တဝှမ်းလုံး၏ ဇနပုဒ်မျှမကျန် တန်တန်ရှူစား သတိထား၍ ဆင်ခြင်ကြပြီးလျှင် ထိုပုဂ္ဂိုလ်ကျော် ပြုမူဆောင်ရွက်ခြင်းကို သေချာပနစွာ မသိငြားသော်လည်း တတ်အားသမျှ သင်ကြားနားလည်ကြလေပြီ။

ဆွာမိရှရဒမန်နှင့် မစ္စတာအဗတ်ဝိတရန္ဒဂျီတို့သည် မြန်မာပြည်သို့ လှည့်လည်ရသောအခါ များစွာသော မြန်မာအမျိုးသားတို့က ရွှင်လန်းအားကျလျက် ကြိုဆိုဧည့်ခံကြလေသည်။

အိန္ဒိယအမျိုးသားတို့နှင့် မြန်မာအမျိုးသားတို့သည် တလှေထဲစီး တခရီးထဲ သွားကြရမည့်သူများ ဖြစ်ခြင်းကြောင့်၊ အသွင်မခြား စိတ်ထားအမူအတူတူပင် ရှိသင့်ကြပေသည်ဟူသော နိယာမစကားကို အမြို့မြို့အရွာရွာတိုင်း၌ပင် ယခုအခါ ကြားနာရလေသည်။

ဝံသာနုရက္ခိတ၊ ဥာတတ္တသင်္ဂဟတရားတို့နှင့် ချွေတာသုံးစွဲစွန့်ကြဲခြင်းတရား၊ သည်းခံခြင်းတရား၊ ဒုက္ခစရိယကျင့်ခြင်းတရားတို့သည် တစတစ ပွားများတိုးတက် လာခဲ့ကြသည်။

ပြည်သူတို့သည် မည်ကဲ့သို့သောအချက်ကို အလိုရှိကြသည်ဟုလည်း ဒိဌဧကန်သိကြ နားလည်ကြလေပြီ။

ထိုကြောင့် မိမိတို့လိုလားတောင်းတသော အချက်ကို ရရှိနိုင်စေရန် ခြိုးခြံစွန့်ကြဲခြင်းနှင့် ဆိုက်ကြုံလတံ့သော အတိဒုက္ခကိုခံတော့မည်ဟု အဓိဌာန်ပြုကြပြီးချေပြီ။